ဘူးသီးတောင် နိုဝင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် ဘူးသီးတောင်တပ်နယ်မှူးဗိုလ်မှူးကြီးတင်မိုးအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဦးဆောင်၍ ယနေ့နံနက်(၇)နာရီခွဲက မီးရထားဆိပ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စနစ်တကျ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုကို ဘူးသီးတောင်တပ်နယ်မှူးဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များမှ အနီးကပ်ကြီးကြပ်၍ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဘူးသီးတောင်တပ်နယ်မှ တပ်မတော်သားများ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဗိုလ်ချုပ်လမ်းဘေးဝဲ/ယာတို့၌ အမှိုတ်သရိုက်များရှင်းလင်းခြင်း၊ ပလတ်စတစ်အိတ်ခွံများ၊ သစ်ခြောက်သစ်ရွက်များနှင့် ခြုံနွယ် မြက်ပင်များအား စုပေါင်းခုတ်ထွင်ရှင်းလင်းကြပြီး စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းကားဖြင့် သတ်မှတ်နေရာများတွင် စနစ်တကျစွန့်ပစ်ခဲ့ကြသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြရာတွင် ဘူးသီးတောင်တပ်နယ်မှူးဗိုလ်မှူးကြီးတင် မိုးအောင်ဦးစီး၍ တပ်မတော်သား(၄၀)ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေး ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ (၉၄)ဦး စုစုပေါင်းအင်အား(၁၃၄)ဦးခန့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ပူးပေါင်းဆောင်ရွက်နေမှုကို ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်နှင့် အဖွဲ့များမှ ကြည့်ရှုကာ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
လှကျော် ( ပြန်/ဆက်)