ပေါင်မြို့နယ် အလှပ် ကျေးရွာအုပ်စုတွင် ပင်လယ် ဒီရေမြင့်တက်မှုကြောင့် နေအိမ် ၄ လုံးပြိုကျပျက်စီးမှု ဖြစ်ပွား

ပေါင်၊ စက်တင်ဘာ၊ ၂၀

သထုံခရိုင် ပေါင်မြို့နယ် အလှပ်ကျေးရွာစု တောင်ပိုင်းနှင့် အနောက်ပိုင်းရပ်ကွက်တို့တွင် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က ပင်လယ်ဒီရေမြင့်တက်မှုကြောင့် နေအိမ် ၄ လုံး ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် အလှပ်ကျေးရွာအုပ်စုရှိ ရေလုပ်သားအများစုနေထိုင်ကြသည့် ဝါးတိုင်၊ ဖက်မိုး၊ ထရံကာနေအိမ် (၄) လုံးပြိုကျပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်း သိရသည်။

ဘေးသင့်မိသားစုဝင်များမှာ ၎င်းတို့နှင့် နီးစပ်ရာ ဆွေမျိုးများနေအိမ်များတွင် ပြောင်းရွှေ့ နေထိုင်လျက်ရှိပြီး စေတနာအလှူရှင်များမှ ၎င်းတို့အတွက် လတ်တလော အသုံးအဆောင်ပစ္စည်း များနှင့် စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ဝင်းမင်းသန်း(ပြန်/ဆက်)