မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေး ပြည်သူများနှင့် တွေ့ဆုံ

မိုင်းယောင်း နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် စံပြကျေးရွာ၌ ပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောမတ်()လော်ခယ်က အမျိုးသားရေးတာဝန်ဖြစ်သော လူကုန်ကူးမှုအန္တရာယ်များ ပိုမိုထိရောက်စွာ တားဆီးနိုင်ရေး ဆွေးနွေးသည်။

ထို့နောက် ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဦးစည်သူငြိမ်းချမ်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြီး အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေးနှင့် စည်းရုံးရေးစစ်ကြောင်းတွင် ပါဝင်သော သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူတို့က ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည့် မိမိတို့၏လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်မှုများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် စံပြ၊ ရဲဘော်ဟောင်း၊ အောင်မင်္ဂလာနှင့် ပါလောင်းကျေးရွာမှ ကျေးရွာတာဝန်ခံအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ၊ ကျေးရွာသားများက ကျေးရွာဖွံ့ဖြိုးရေးအတွက် ပြန်လည်ဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း