သထုံမြို့နယ်တွင် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

သထုံ     နိုဝင်ဘာ      ၁၉

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွန်ပြည်နယ်မသန်စွမ်းသူများအသင်းတို့ပူးပေါင်းပြီး ယမန်နေ့ မွန်းလွဲပိုင်းက မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ‌မွန်ပြည်နယ်မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ ဦးစောအောင်သိန်းတင်နှင့် အဖွဲ့ဝင်များတို့က မွန်ပြည်နယ် မသန်စွမ်းသူများအသင်း ၏ ဖွဲ့စည်းပုံ၊ မသန်စွမ်းအခွင့်အရေးနှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ၏အခြေအနေ၊ ခွဲခြားဆက်ဆံမှုအခြေအနေ၊ မသန်စွမ်းသူများအတွက် ပညာရေး၊ ကျန်းမာရေးကဏ္ဍ စသည့် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

သထုံခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌ လျက်ရှိကြောင်း သိရသည်။    

နဒီ(ပြန်/ဆက်)