မောက်မယ်မြို့နယ်တွင် ရှမ်းသက္ကရာဇ်(၂၁၁၇)ခုနှစ်ရှမ်းတိုင်းရင်းသားများ နှစ်သစ်ကူးနေ့ အခမ်းအနားကိုအနှစ်သာရပြည့်ဝစွာဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်

မောက်မယ်   နိုဝင်ဘာ  ၁၉

ရှမ်းအမျိုးသားတို့၏ မျိုးချစ်စိတ်ဓါတ်ဖြင့် အစဉ်အဆက်ထိန်းသိမ်းလာခဲ့သော နေ့ထူးနေ့မြတ် တစ်နေ့ဖြစ် သည့် နတ်တော်လဆန်း()ရက်နေ့တွင် ကျရောက်မည့် ရှမ်းသက္ကရာဇ်(၂၁၁၇)ခုနှစ် ရှမ်းတိုင်းရင်းသားများ နှစ်သစ်ကူးနေ့အခမ်းအနားကို ရှမ်းရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် နမ့်ယွမ်း ဂေါက်ကွင်း၌ အနှစ်သာရပြည့်ဝစွာဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်းယမန်နေ့ နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှသိရသည်။

အစည်းအဝေးတွင် မောက်မယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က ယခင်နှစ်အတွေ့အကြုံနှင့် အကောင်းအဆိုးများကိုပြန်လည်သုံးသပ်၍ နှစ်သစ်တွင် မိမိတို့၏ မြို့သူမြို့သား များအတွက်သာမက ရှမ်းတိုင်းရင်းသားများအားလုံးအတွက်ပါ အကျိုးရှိစေမည့် အကြံဉာဏ်စိတ်ကူး စိတ်သန်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို ပိုမိုစီစဉ်လုပ်ကိုင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယခင်နှစ်များ ထက် အနှစ်သာရပြည့်ဝ၍ ပိုမိုစည်ကားသိုက်မြိုက်သော ရှမ်းအမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနား ဖြစ်မြောက်စေရေး တက်ရောက်လာကြသော ကော်မတီဝင်များအနေဖြင့် အကြံပြုဆွေးနွေးပေးကြစေလို ကြောင်း၊ ရှမ်းအမျိုးသားအလံတင်အခမ်းအနား၊ ရှမ်းနှစ်သစ်ကူးနေ့ အခမ်းအနား၊ ကောက်သစ်စားပွဲ အခမ်း အနား၊ ပျော်ပွဲရွင်ပွဲများနှင့် အားကစားပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များတို့ကိုထည့်သွင်းပြီး ရှမ်းတိုင်းရင်း သားများတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းများအတိုင်း  စည်ကားသိုက်မြိုက်စွာ ကျင်းပရန်လိုအပ် ကြောင်း စသည်ဖြင့်လမ်းညွှန်အမှာ စကား ပြောကြားသည်။

ဆက်လက်၍ ကော်မတီဝင်များတို့က ရှမ်းတိုင်းရင်းသားများ နှစ်သစ်ကူးနေ့အခမ်းအနားကို နိုဝင်ဘာလ၂၂ ရက်နေ့(တန်ဆောင်မုန်းလကွယ်)(၁၂)နာရီတွင် နှစ်သစ်ကူးကြိုဆိုပွဲနှင့်နိုဝင်ဘာ၂၃ ရက်နေ့(နတ်တော် လဆန်း၁ရက်နေ့)တွင် အနှစ်သာရပြည့်ဝစွာဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပနိုင် ရေးဆောင်ရွက်ရမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးကြပြီး သက်ဆိုင်ရာကော်မတီအလိုက် ဆောင်ရွက်ကြရမည့် လုပ်ငန်း စဉ်များကို ရှင်းလင်းတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)