မန္တလေး စက်တင်ဘာ ၂၁
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူ (၂၇၀၉)ဦး၏ မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက(၉၃၈၇)ဧက အတွက် ငွေကျပ်သန်းပေါင်း(၁၄၀၀)ကျော် အား မျိုးစေ့ထုတ်တောင်သူများ ထံ အရာက်ထောက်ပံ့ပေးအပ် နိုင်ခဲ့ပြီ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။
တိုင်းဒေသကြီးအတွင်းက မျိုးစေ့ထုတ်တောင်သူတွေကို ဩဂုတ်လက စတင်ပြီး လှည့်လည်ထောက်ပံ့ပေးခဲ့ပါ တယ်၊ ယခုအခါမှာတော့ တောင်သူများထံအပြီးထောက်ပံ့ ပေးနိုင်ခဲ့ပါပြီ၊ တိုင်းဒသကြီးအတွင်းက မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက (၉၃၈၇)ဧက အတွက် တောင်သူများကို ထောက်ပံ့ငွေ ကျပ်(၁,၄၀၅,၁၇၁,၂၅၀) ကို အပြီးသတ် ထောက်ပံ့ပေးအပ်ပြီးပါပြီ၊ ဟု မန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန မှ တိုင်းဒေသကြီး ဦးစီးမှူး ဦးတိုးမင်း က ပြောကြားသည်။
ကိုဗစ်-၁၉စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအားအရည်အသွေး ကောင်း မျိုးစေ့ထုတ် စိုက်ဧကတစ်ဧကလျှင် ငွေကျပ် (၁၅၀၅၀၀) နှုန်း နှင့် အထွက်ကောင်းမျိုးစေ့ထုတ်စိုက်ဧက တစ်ဧကလျှင် ငွေကျပ်(၁၄၈၅၀၀)နှုန်း ဖြင့် ထောက်ပံ့ ပေးအပ်ခဲ့ ကြောင်း သိရသည်။
ကိုဗစ်အလွန်ကာလ၌ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာကဏ္ဍမှာ နည်းပညာအားဖြင့်သော် လည်းကောင်း၊ ငွေအားဖြင့် သော် လည်းကောင်း မျိုးစေ့ထုတ်တောင်သူတွေ မယိမ်းယိုင်သွားဖို့လိုပါတယ်၊ ဒါမှသာ လာမည့်နှစ်မှာ နွေစပါး/မိုးစပါး မျိုးကောင်းမျိုးသန့်တွေ ဆက်လက်ပွားများထုတ်လုပ်နိုင်ဖို့အတွက် မျိုးစေ့ထုတ်တောင်သူများအား ပံ့ပိုးကူညီခြင်းဖြစ်ပါတယ် ဟု ၎င်း က ဆက်လက်ပြောကြားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ဧကတစ်သိန်းအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရပြီး မန္တလေးတိုင်း ဒေသကြီး တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ဧက (၉၃၈၇)ဧက အတွက် တောင်သူများထံ ထောက်ပံ့ငွေများ အား အပြီး ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)