ရန်ကုန် နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က အင်းစိန်မြို့နယ်၊ အ.ထ.က(၁)ကျောင်း ဧရာဝတီခန်းမတွင် ဟောပြောခဲ့သည်။
ဟောပြောရာတွင် အမှတ်(၆၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးတင်ကိုက ယာဉ်အန္တရာယ်ကြောင့် ပျက်စီး ဆုံးရှုံးမှုများ၊ အသက်အန္တရာယ် ထိခိုက်ပျက်စီးမှုများ၊ လမ်းကူးသူများ၏ ပေါ့ဆမှုကြောင့် ဖြစ်ပွားခဲ့ရသည့် ထိခိုက်ပျက်စီးမှုများ၊ လမ်းကူးရာတွင်လိုက်နာရမည့်စည်းကမ်းများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လမ်းညွှန်သင်္ကေတများ စသည်တို့ကိုဟောပြောခဲ့ပြီး ကျောင်းသား၊ကျောင်းသူများက သိလိုသည်များပြန်လည်မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်၍ အမှတ်(၆၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးတင်ကိုနှင့်တပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ်ကင်းရှင်းဖို့ ထိုင်ခုံခါးပါတ်ပါတ်ကြစို့ လက်ကမ်းစာစောင်များကို ကျောင်းသား၊ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)