မိတ္ထီလာမြို့နယ်၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် 33KV သပြေဝ - ဝန်ဇင်း ဓာတ်အားလိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ပြီးစီး

မိတ္ထီလာ၊ စက်တင်ဘာလ ၂၁

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ လျှပ်စစ်ဓာတ်အားလိုင် ပြတ်တောက်မှု မဖြစ်ပေါ်စေရန် 33KV သပြေဝ-ဝန်ဇင်း ဓာတ်အားလိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၊မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ၊မိတ္ထီလာမြို့ပေါ် နှင့် ကျေးရွာများသို့ ဓာတ်အားပေးထားသည့် 33KV သပြေဝ-ဝန်ဇင်း ဓာတ်အားလိုင်းမှာ ဝန်အား ပြည့်ဖြစ်ပေါ်နေပြီး ဓာတ်အားပြတ်တောက်မှု မကြာခဏဖြစ်ပေါ်နေလျက်ရှိသည်။ ထို့သို့ ဓာတ်အား ပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် တင်ဒါအောင်မြင်သည့် Unit Comm Co;LTDက တာဝန်ယူ၍  ဖေဖော်ဝ်ရီလမှ စတင်၍ ဓာတ်အားလိုင်း ဝန်အားမျှရန် 33KV သပြေဝ-ဝန်ဇင်း ဓာတ်အားလိုင်း  ၂ မိုင် ၃ ဖာလုံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယခုဆိုလျှင် ဓာတ်အားလိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း ၊ အဆိုပါ ဓာတ်အားလိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းပြီးစီးပါက မြို့ပေါ်နှင့် ကျေးရွာများတွင် ဓာတ်အားပြတ်တောက်မှု လျော့နည်းခြင်း၊ ဓာတ်ကြိုး ပြတ်ကျခြင်းနှင့် လျှပ်စစ်ဗို့အား ကျဆင်းမှုလျော့နည်းလာသည့်အပြင် လျှပ်စစ်ဓာတ်အား ပိုမို့ပြည့်ဝစွာ ရရှိမည် ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးသန်းလှိုင်ထံမှ သိရသည်။

မိတ္ထီလာမြို့ပေါ် ၁၄ ရပ်ကွက်နှင့် အုပ်စု (၅၈)အုပ်စု ကျေးရွာ(၃၈၀)ရှိသည့်အနက် ကျေးရွာ (၂၄၃)ရွာမှာ လျှပ်စစ်မီးလင်းပြီး ကျန်ရှိသည့် ကျေးရွာ ၁၃၇ရွာကိုလည်း မီးလင်းနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။                             

သိန်းမြင့်ကျော်(မိတ္ထီလာ)