မိုင်းယန်းမြို့၌ (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့် အားကစားပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ်ခြင်း

မိုင်းယန်း နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သံဝဏ်လွှာဖတ်ပွဲ၊ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္က၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့လာသော(၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သံဝဏ်လွှာကို မိုင်းယန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က ဖတ်ကြားသည်။

ဆက်လက်၍ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများ၊ (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများ၊ မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ သံပြားပစ်ပြိုင်ပွဲ၊ လှံတံပစ်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်အပြေးပြိုင်ပွဲ၊ သုံးချောင်းထောက်အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲတို့တွင် ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)မိုင်းခတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရာဇာထွန်း၊ မိုင်းယန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များတက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော(၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး