လားရှိုးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း သမာဓိလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

လားရှိုး နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ကျောင်းသားဟောင်းဖြစ်သူ ဦးသိန်းအောင်(သမာဓိရွှေဆိုင်)မိသားစုလှူဒါန်းထားသော ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အဆိုပါလမ်းပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သမာဓိလမ်းအား ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ) ပြည်နယ်ပညာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် အလှူရှင် ဦးသိန်းအောင်(သမာဓိရွှေဆိုင်)တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကမ္မည်းမော်ကွန်းအား အမွှေးနံ့သာတို့ဖြင့် ပက်ဖြန်းခဲ့ကြသည်။ ဆက်လက်၍ အခမ်းအနားကို ခန်းမအတွင်း ပြန်လည်ကျင်းပရာအလှူရှင် ဦးသိန်းအောင်(သမာဓိရွှေဆိုင်)က လမ်းလှူဒါန်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ) ပြည်နယ်ပညာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် အလှူရှင်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား/ကျောင်းသူများက ပြည်မြန်မာသီချင်း သီဆိုဖျော်ဖြေ၍ အခမ်းအနားပိတ်သိမ်းခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး