သံဖြူဇရပ် စက်တင်ဘာ ၂၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်က နေရာအချို့တွင်လေပြင်း တိုက်ခတ်ခဲ့ရာ၊ စက်စဲကျေးရွာကမ်းခြေအပေါ်ဘက် စက်စဲ-ဓမင်းဆိပ်သွားကတ္တရာ လမ်းမပေါ်သို့ မြအဏ္ဏဝါ စားသောက်ဆိုင် အနောက်ဘက်ရှိ လုံးပတ် ၆ ပေနှင့် အမြင့်ပေ ၆၀ ခန့်ရှိ ပင်လယ်ကဗွီးပင်သည် အပင်အရင်းမှ ကျိုးကျမှု ဖြစ်ပွားခဲ့သည်။
ထိုသို့ သစ်ပင်ကျိုးကျမှု ဖြစ်ပွားစဉ်တွင် စက်စဲဓမင်းဆိပ်ဘက်သို့ တစ်ဦးတည်း ဆိုင်ကယ်စီးနင်းမောင်းနှင်လာသည့် သံဖြူဇရပ်မြို့၊ ကျောင်းပိုင်းရပ်ကွက် ပိတောက်မြိုင်လမ်းနေသူ၏ မော်တော်ဆိုင်ကယ်ပေါ်သို့ ကျရောက်သဖြင့် ဆိုင်ကယ်မောင်းနှင်လာသူမှာ ဦးခေါင်းဒါဏ်ရာ ပြင်းထန်စွာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဇော်နှင့် မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဝင်များမှ သွားရောက်ခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ထွေး ဦးစီးသည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များ၊ သံဖြူဇရပ်နှင့် စက်စဲကျေးရွာမှ လူမှုကူညီရေးအဖွဲ့ဝင်များမှ လဲကျနေသည့် ကဗွီးပင်အား ခုတ်ထွင်ရှင်းလင်းခဲ့ပြီး သစ်ပင်လဲကျမှုကြောင့် လျှပ်စစ်မီးတိုင် ၃ တိုင် ပြိုလဲသွားကြောင်း သိရသည်။
အေးအေးသီ (ပြန်/ဆက်)