ပြင်ဦးလွင် နိုဝင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၄)လိုတရဓမ္မာရုံ တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကိုယနေ့ နံနက် (၉) နာရီက ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးသောင်းမြင့်သိန်း၊ ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဝင်းနှင့် ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်းတို့က စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ ယခုကဲ့သို့ တွေ့ဆုံပွဲကျင်းပ၍ ရပ်ရွာအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးမည့် အစီအမံများအား ဦးစွာအသီးသီး ရှင်းလင်းပြောကြားပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ဌာနအလိုက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများက ဒေသဖွံ့ဖြိုးရေးစည်ပင်သာယာရေးလုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြခဲ့ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာန အလိုက် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။
ဆက်လက်၍ စစ်ကြောင်းကြီး (၅)ကြောင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရပ်ကွက်ကြီး (၄)မှ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ ပုံစံ(၆၆/၆)တွင် မွေးတိုးစာရင်းထည့်သွင်းမှုနှင့် အတိုး/အလျှော့ပြင်ဆင်ခြင်း၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး အသိပညာပေးဆောင်ရွက်ခြင်းနှင့် စည်ပင်သာယာရေးကိစ္စများ ဆောင် ရွက်ပေးခြင်းတို့ကို မွန်းလွဲ (၃)နာရီထိ ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့် ရပ်ကွက်ကြီး (၄) မှ ပြည်သူများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)