ကချင်ပြည်နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးစားရိတ်များကို အတိုးနှုန်းသက်သာစွာဖြင့် ယခင်နှစ်ထက် ပိုမိုထုတ်ချေးရန်လျာထား

မြစ်ကြီးနား နိုဝင်ဘာ ၁၈

ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသည့် တောင်သူများ အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များမှ အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ယခင်နှစ်ထက် ပိုမိုထုတ်ချေးပေးသွားရန်လျာထားကြောင်း ကချင်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်ထံမှ သိရသည်။

“ကျွန်တော်တို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ၂၀၂၂ ခုနှစ် ဆောင်းရာသီ စိုက်ပျိုး စရိတ်ချေးငွေကို အောက်တိုဘာလ ပထမပတ်ကစပြီး ထုတ်ချေးပေးနေတာပါ၊ ပြန်လည်ပေးဆပ်ဖို့ သတ်မှတ်ထားတာကတော့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ တတိယပတ်မှာ ဖြစ်ပါတယ်၊ ချေးငွေကာလကတော့ တစ်နှစ်ပါ၊ အတိုးနှုန်း သတ်မှတ်ချက်က တစ်နှစ်လုံးမှာမှ ငွေတစ်ရာကျပ်ကို ငါးကျပ်နှုန်းပဲ ကျသင့်တာပါ၊ အရပ်သဘောအရဆိုရင် ငွေတစ်ရာကျပ်ကို တစ်လမှာ အတိုးနှုန်း (၄၂)ပြား နှုန်းပဲ ကျသင့်တာပါ၊ အရင်နှစ်က ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေကို ကျပ်သိန်းပေါင်း (၁၆၀၀၈ ဒသမ ၂၅)သိန်း ထုတ်ချေးပေးခဲ့ပြီး ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေကိုတော့ ကျပ်သိန်းပေါင်း (၂၅၅၅၉ ဒသမ ၆၅)သိန်း ထုတ်ချေးပေးနိုင်အောင်လျာထားပါတယ်”ဟု ပြည်နယ် မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောကြားသည်။

ယခင် ၂၀၂၁ ခုနှစ်တွင် ကချင်ပြည်နယ်အတွင်း မြို့နယ် (၇)မြို့နယ်မှ ကျေးရွာအုပ်စုပေါင်း (၆၄) အုပ်စုရှိ တောင်သူပေါင်း (၂၅၄၃) ဦး၏ နွေစပါးနှင့် အခြားသီးနှံစိုက်ပျိုးဧက (၁၆၀၀၀) ကျော်အား ချေးငွေထုတ်ချေးပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုနှစ်တွင် မြို့နယ် (၇)မြိုု့နယ်မှ ကျေးရွာအုပ်စု (၇၀)မှ တောင်သူ (၄၂၆၅) ဦး၏ စိုက်ပျိုးဧက (၂၅၀၀၀) ကျော်လျာထား၍ ထုတ်ချေး ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)