နောင်ချိုမြို့နယ်တွင် စားသုံးဆီအစားထိုး ရေဆင်း(၁)စပ်မျိုးနေကြာများ စိုက်ပျိုးမှု အောင်မြင် ဖြစ်ထွန်း

နောင်ချို နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သပြေရေရပ်ကွက်နေ စိုက်ပျိုးရေး တောင်သူ ဦးရန်ကနား၏ လယ်မြေတွင် စားသုံးဆီဖူလုံရေးနှင့် မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် စားသုံးဆီအစားထိုး ရေဆင်း(၁)စပ်နေကြာများ စိုက်ပျိုးထားရှိရာ အောင်မြင် ဖြစ်ထွန်းလျက်ရှိ ကြောင်း သိရသည်။

ရေဆင်း(၁) စပ်နေကြာသည် ရေသောက်မြစ်ပါရှိပြီး အမြစ်အုံကောင်းခြင်း၊ ပင်စည်တွင် အမွှေးများ ပါရှိခြင်းတို့ကြောင့် မြေပဲ၊ နှမ်းတို့ထက် မိုးခေါင်သည့်ဒဏ်၊ ရေငတ်ဒဏ်ခံနိုင်ပြီး ရေဝပ်သည့်ဒဏ် မခံနိုင်ပဲ အစိုဓာတ်ကောင်းစွာ ရရှိရန် လိုအပ်သည့် အပင်မျိုးဖြစ်ကြောင်း၊ နေကြာအား သီးသန့်စိုက်ပျိုးခြင်းသာမက သီးထပ် သီးညှပ်ပါ စိုက်ပျိုးနိုင်သည့်အတွက်  စိုက်ပျိုးရန် အထူးသင့်တော်သည့် ဆီထွက်သီးနှံဖြစ်ကြောင်း၊ စိုက်ပျိုးမှုနဲ့ပတ်သက်၍လည်း “စပြီးစိုက်ပျိုးတုန်းကတော့ ဒေသနေကြာမျိုးများကို စိုက်ပျိုးခဲ့ရာ တစ်ဧကအထွက်နှုန်း နည်းပါခဲ့ပြီး ယခုနှစ်တွေအတွင်းမှာတော့ ရေဆင်း(၁)စပ်မျိုးနေကြာများကို ပြောင်းလဲစိုက်ပျိုးထားပါတယ်။ ရေဆင်း(၁)စပ်မျိုးနေကြာက သာမန်နေကြာမျိုးနဲ့စာရင် အထွက်နှုန်းကောင်းသလို ဆီထွက်ရှိမှုနှုန်းလည်း ပိုပါတယ်။  ကျွန်တော်ဒီနှစ် နေကြာ ၄ ဧကလောက် စိုက်ပျိုးထားပါတယ် နေကြာစိုက်မယ့်မြေကို ထွန်ရေးညက်အောင် ထွန်ရပြီး စိုက်တဲ့အခါ နှစ်ပေကွာ အတန်းလိုက်စိုက်ပါတယ်။ မျိုးစေ့ချရင် တစ်ကျင်းကိုနှစ်စေ့လောက် ထည့်ပြီးစိုက်ပါတယ် တစ်ဧကကို မျိုးစေ့ ၃ပြည်ခွဲ ၄ပြည်လောက်ကုန်ပါတယ် နေကြာမပွင့်မီ အဖူးအငုံချိန်မှာ ဓာတ်မြေဩဇာကျွေးပြီး ရေသွင်းရပါတယ်။ ယခုမြို့နယ်အတွင်းမှာ နေကြာဆီ တစ်ပိဿာကို ကာလပေါက်ဈေး ကျပ် ၁၃၀၀၀/- ကနေ ၁၄၀၀၀/-ရှိပါတယ်။ ဒါကြောင့် ဒီနှစ်မှာ နေကြာအထွက်နှုန်းကောင်းဖို့ မျှော်လင့်မိပါတယ်”လို့ ဆီနေကြာစိုက်ပျိုးရေးတောင်သူ ဦးရန်ကနားက ပြောပြခဲ့ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)