ပြင်ဦးလွင် နိုဝင်ဘာ ၁၈
ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပခဲ့သည်။
အဆိုပါ Talk Show တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယလက်ထောက်ဦးစီးမှူး ဦးအောင်သူရိန်တို့က “ဂေဟစနစ်ကိုထိန်းသိမ်းဖို့ ပလတ်စတစ် ညစ်ညမ်းမှုလျှော့ချစို့” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကျင်းပဆွေးနွေးခဲ့သည်။
“ဂေဟစနစ်ကိုထိန်းသိမ်းဖို့ ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချစို့” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကျင်းပရာတွင် ကမ္ဘာပေါ်တွင် ပလတ်စတစ်သုံးစွဲမှုများသည် ၁၉၅၀ ဝန်းကျင်ခန့်မှစ၍ တွင်ကျယ်စွာအသုံးပြုလာခဲ့ကြောင်း၊ ရေနံသဘာဝဓာတ်ငွေ့ ကျောက်မီးသွေး ကဲ့သို့သော သဘာဝသယံဇာတများမှထုတ်လုပ်ထားခြင်းဖြစ်ပြီး အော်ဂဲနစ်ပိုလီမာများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းပင်ဖြစ်ကြောင်း၊ ပလတ်စတစ်များသည် သဘာဝအတိုင်းပျက်စီးရန် နှစ်ပေါင်း (၄၀၀) ခန့်ကြာမြင့်နိုင်ကြောင်း၊ ပလတ်စတစ်များသည် ပြိုကွဲပျက်စီးသည့်တိုင် ဒြပ်ပေါင်းအပိုင်းအစများအဖြစ် ကျန်ရှိနေနိုင်ကြောင်း၊ ပလတ်စတစ်အမှိုက်များကို မီးရှို့ဖျက်စီးခြင်းကြောင့် လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေခြင်း၊ ရေမြောင်းများမှတစ်ဆင့် အလွယ်တကူစွန့်ပစ်မှုများရှိခြင်းကြောင့် ရေမြောင်းများအတွင်းပိတ်ဆို့ပြီး ရေစီးရေလာမကောင်းသဖြင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်စေနိုင်ကြောင်းဖြင့် သတိပြုဆင်ခြင်သင့်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့ပြင် ပလတ်စတစ်အသုံးပြုခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများတွင် လူသားတို့ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း၊ မြေဆီလွှာညစ်ညမ်းမှုကိုဖြစ်ပေါ်စေနိုင်သောကြောင့် ကာကွယ်ရန်နည်းလမ်းများအဖြစ် စက္ကူအိတ်များအသုံးပြုခြင်း၊ ချည်အဝတ်အိတ်များနှင့် စျေးဝယ်အိတ်တို့ကို ပလတ်စတစ်အိတ်အစား ပြောင်းလဲအသုံးပြုသင့်ပါကြောင်း အကြံပြုဆွေးနွေးခဲ့သည်။
ခရိုင် (ပြန်/ဆက်)