ကျောက်ဖြူမြို့၊ မြို့မစည်ပင်သာယာဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကျောက်ဖြူ နိုဝင်ဘာ ၁၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ် မကျရောက်စေရန်နှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက မြို့မစည်ပင်သာယာဈေးကြီးသို့ သွားရောက်၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ယာယီရဲမှူးသန်းဇော်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်အောင်၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသူဦးဆောင်သည့် မီးသတ်တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များက မြို့မစည်ပင်သာယာဈေးကြီးသို့ သွားရောက်ပြီး ၎င်းဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်ခန်းများ၊ စက်ချုပ်ဆိုင်ခန်းများ၊ အထည်ဆိုင်များ၌ မီးသုံးစွဲမှုအခြေအနေများ၊ ဈေးဆိုင်ခန်းများရှိ မီးသတ်ဆေးဘူးများအရေးပေါ် သုံးစွဲနိုင်မှုသက်တမ်း ရှိ/မရှိ၊ ဝါယာကြိုးများ ပေါက်ပြဲ ဆွေးမြေ့နေမှု ရှိ/မရှိ၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ ရေပုံးများနှင့် ရေလှောင်ကန်များတွင် ရေဖြည့်သွင်းထားရှိမှု ရှိ/မရှိ စသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)