ပူတာအို နိုဝင်ဘာလ ၁၈
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို နိုဝင်ဘာ(၁၇) ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာကို ဖတ်ကြားပြီး ပူတာအိုမြို့နယ် ဆန်ဂေါင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဒေါ်နန်းအေလာက အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးသည်။
ဆက်လက်၍ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးနှင့်တာဝန်ရှိသူများက (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသူကျောင်းသားများကို လည်းကောင်း၊ အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသူကျောင်းသားများကို လည်းကောင်း၊ ထုပ်ဆီးတိုးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုနှစ်ဆုကို လည်းကောင်း၊ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုနှစ်ဆုကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အနေဖြင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားရှိသည့် စာအုပ်စာ စောင်များနှင့် အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရလက်ရေးစာမူများ ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုအားပေးသည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပူတာအိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/မများနှင့် ကျောင်းသား/ကျောင်းသူများကို ကဗျာ၊ ဆောင်းပါး၊ ကာတွန်း၊ သဝဏ်လွှာမှ ကောက်နုတ်ချက်များ၊ ၂၀၂၂-ခုနှစ် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်များစသည့် အကြောင်းအရာများဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်(၂၀၀)အား အခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရသည်။
ဖုန်ကန်(ပူတာအို)