စစ်တွေ နိုဝင်ဘာ ၁၈
(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပထမအကြိမ်ဒေသဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်နှင့် တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ စာတမ်းဖတ်ကြားကြမည့် ပညာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို စစ်တွေတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စစ်တွေတက္ကသိုလ် ဂုဏ်ရည်ကိုသီကုံးဖွဲ့ဆိုထားသော ဘဝမီးအိမ်ထွန်းညှိရာမြေ တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ဒေသအတွက်သာမက နိုင်ငံတော်အတွက်ပါအလွန်အရေးပါသည့် ပညာရေးကဏ္ဍမှာ အသိပညာပိုမိုတိုးတက်စေရေးအတွက် မရှိမဖြစ်လိုအပ်သော သုတေသနစာတမ်းဖတ်ပွဲကို စစ်တွေတက္ကသိုလ်အနေဖြင့် ပထမအကြိမ် ကျင်းပခွင့်ရခြင်းသည် အလွန်မင်္ဂလာအပေါင်းနှင့်ပြည့်စုံခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ထူးထူးခြားခြားအစီအစဉ်တစ်ရပ်အဖြစ် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေသဆိုင်ရာစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး သုတေသနစာတမ်းဖတ်ပွဲ (1st Regional Confrence on Sustainable Development Rakhine State) RCSD ကိုပထမဆုံးအကြိမ် နှစ်ရက်တိုင်တိုင် ပြုလုပ်မည်ဟု သိရသည့်အတွက် ပွဲဖြစ်မြောက်အောင်ကူညီပံ့ပိုးပေးသော ရခိုင်သဟာယအသင်းနှင့် လက်ခံကျင်းပသော စစ်တွေတက္ကသိုလ်အပါအဝင် ပံ့ပိုးဆောင်ရွက်သူအားလုံးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားများကိုယ်စား အထူးပင်ကျေးဇူးတင်ပါကြောင်း၊ ယခုကဲ့သို့ စာတမ်းဖတ်ပွဲပြုလုပ်ခြင်းအားဖြင့် ရခိုင်ပြည်နယ်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေသော ဆန်းသစ်ကောင်းမွန်သည့် အသိပညာများရရှိပြီး ပြည်နယ်၏အရေးပါသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများတိုးတက်လာရန် ရည်ရွယ်မျှော်မှန်းထားပါကြောင်းနှင့် တက္ကသိုလ်၊ ကောလိပ်များက ဆရာ၊ ဆရာမများအနေဖြင့်လည်း အရည်ချင်းထက်မြက်လာပြီး ပိုမိုကောင်းမွန်အသုံးဝင်သည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်လာနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စစ်တွေတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်က သုတေသနစာတမ်းဖတ်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရခိုင်သဟာယအသင်းမှ ဒေါက်တာဇေယျဦးက သုတေသနစာတမ်းဖတ်ပွဲကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ရခိုင်ပြည်နယ်အတွင်းမှာရှိသည့် တက္ကသိုလ်၊ ကောလိပ်များက ဆရာ၊ ဆရာမများအနေဖြင့် တက္ကသိုလ်အချင်းချင်းချိတ်ဆက်ပြီး မိမိနှင့်သက်ဆိုင်သည့် ပညာရပ်နယ်ပယ်မှာ ပိုမိုဆန်းသစ် ကောင်းမွန်သောနည်းပညာများရရှိလာနိုင်စေရန်၊ ဆရာ၊ ဆရာမများ၏ သုတေသနအရည်အသွေးများ ပိုမိုတိုးတက်ကောင်းမွန်လာစေနိုင်ရန်နှင့် သုတေသနလုပ်ငန်းများမှရရှိလာသည့် သုတေသနရလာဒ်များကို ရခိုင်ပြည်နယ်အတွင်းမှာရှိသော စီးပွားရေးလုပ်ငန်းရှင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း ရှင်များနှင့်ချိတ်ဆက်ပြီး အသေးစားစက်မှု၊ လက်မှုလုပ်ငန်းများ၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှာ လက်တွေ့အသုံးချနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
အဆိုပါစာတမ်းဖတ်ပွဲတွင် Key note Speaker(၆)ဦးက စာတမ်း(၇)စောင်၊ စစ်တွေတက္ကသိုလ်က စာတမ်း(၁၂)စောင်နှင့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)က စာတမ်း(၅)စောင်တို့ကို ဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း