လင်းခေး နိုဝင်ဘာ ၁၈
၂၀၂၂ခုနှစ် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်း ပတ္တမြား ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
အခမ်းအနားအား အခြေခံပညာအထက်တန်းကျောင်း (လင်းခေး)မှ ကျောင်းသား ကျောင်းသူများက “ပြည်မြန်မာ” သီချင်းသီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ် လိုက်သည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာအား လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဝင်းက ဖတ်ကြားခဲ့ပါသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများက အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ၊ ပြိုင်ပွဲ အသီးသီးတို့၌ ဆုရရှိသည့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသား ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြပြီးနောက် ကျောင်းသားကျောင်းသူ များ၏ ”ဇာတိမာန်” သီချင်း သီဆိုဖျော်ဖြေခြင်းဖြင့် အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင် ဦးစီးအရာရှိ ဒေါ်နန်းပြုံးရီနှင့် ဝန်ထမ်းများက ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ပေးပို့လာသော ၂၀၂၂ ခုနှစ် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသားကျောင်းသူများနှင့် တက်ရောက်လာကြသူများထံ လက်ဝယ်အရောက် ဖြန့်ဝေ ပေးခဲ့ကြသည်။
အခမ်းအနားသို့ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်းကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း(၁၇၂)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)