ချမ်းမြသာစည်မြို့နယ်၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ကဗျာရွတ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများဆောင်ရွက်

ချမ်းမြသာစည် နိုဝင်ဘာ ၁၈

ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/သူ ကလေးငယ်များ စာပေနှင့်ထိတွေ့၍ စာဖတ်သည့် အ‌လေ့အကျင့်ကောင်းများ ဖြစ်ပေါ် လာစေရန်၊ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်တို့ကို ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် ၁၀ နာရီက ကဗျာရွတ်ပြိုင်ပွဲ၊‌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပုံပြင်ဖတ်ပြခြင်းအစီအစဉ်များကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက ပြိုင်ပွဲစည်းကမ်းများနှင့် ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြိုင်ပွဲများကို ကျင်းပခဲ့ရာ စာကြည့်တိုက်သို့ စာလာ ဖတ်သည့် ကလေးငယ် (၂၀) ဦးတို့က ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ကလေးများအား ဗဟုသုတရရှိပြီး လိမ္မာယဉ်ကျေးစေရန်အတွက် ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က ပုံပြင်ဖတ်ပြခြင်းအစီအစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့ပြီးနောက် ဆုရရှိသောကလေးများအား ‌ပုံဆွဲစာအုပ်နှင့် ရောင်စုံခဲတံဘူးများ လက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခင်စိမ်း၀င်း (ပြန်/ဆက်)