ဟိုမိန်းမြို့ မော်တော်ယာဉ်ဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး နံရံကပ်စာစောင်ပြသ

ဟိုမိန်း   စက်တင်ဘာ  ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ပိုမိုသိရှိနားလည်စေရန်ရည်ရွယ်၍ ရှမ်းဘာသာဖြင့် ဖော်ပြထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနံရံကပ် စာစောင်ကို ဟိုမိန်း(S.S.S) မော်တော်ယာဉ်ဂိတ်၌ ယမန်နေ့နံနက်ပိုင်းက ပြသထားကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နံရံကပ်စာစောင်ပြဘုတ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ ရောဂါ မကူးစက် နိုင်စေရေး ဘယ်နေရာသွားသွား နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရန်၊ မကြာခဏ လက်ဆေးရန်၊ လူတစ်ဦးနှင့်တစ်ဦး ၆ ပေ အကွာနေကြရန် စသည့် နှိုးဆော်ချက်များကို ဒေသခံတိုင်းရင်းသား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် ရှမ်းဘာသာဖြင့် အသိပညာပေး ဖော်ပြထားကြောင်း သိရသည်။

 ရဲနောင်(ဟိုမိန်း)