မောက်မယ် စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စီးပွားရေးကုစားမှု ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ တောင်သူ ဒေါ်နန်းသန်းသန်းဌေး ၏ လယ်ကွင်းတွင် COVID-19 Economic Relife Plan (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး Rs to Cs မျိုးသန့်ပွား၊ မျိုးစေ့ထုတ်စိုက်ခင်းများအား ဖြစ်ထွန်းအောင်မြင်မှုရှိစေရန် အတွက် အပင်သက်တမ်းအလိုက် ထည့်သွင်းရမည့် မြေသြဇာထည့်သွင်းမှုနည်းစနစ်များအား ပညာပေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ပြသခြင်းကို ယမန်နေ့နံနက် ၇နာရီ က မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နိုင် က ဦးဆောင်ပြီး လုပ်ကိုင်ဆောင်ရွက် ပြသခဲ့ကြောင်း သိရသည်။
ထိုသို့ ပထမအကြိမ် မျိုးကွဲနုတ်ပယ်ခြင်း၊ ပေါင်းနုတ်ခြင်း၊ တမန်းနိုးခြင်းနှင့် ဒုတိယအကြိမ် မြေသြဇာထည့်သွင်း ဆောင်ရွက်ပေးခြင်းအားဖြင့် အပင်သန်စွမ်းပြီး စပါးအထွက်နှုန်းတိုးသည့် အတွက် တောင်သူများထံ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးနိုင်မည် ဖြစ်သည်။ မျိုးကွဲနုတ်ပယ်ခြင်း လုပ်ငန်းကို သုံးကြိမ်ဆောင်ရွက်ရမည်ဖြစ်ရာ ဒုတိယနှင့်တတိယအကြိမ်များကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နိုင်၏ ပြောကြားချက်အရ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)