တောင်ဥက္ကလာပ နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက် (၇) နာရီခွဲအချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ သီရိမြန်မာခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီးချင်းဖြင့် အခမ်းအနားဖွင့်လှစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးက ဖတ်ကြားခဲ့သည်။
ဆက်လက်၍ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုချီးမြှင့်ပြီး ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ဇာတိမာန်သီချင်းဖြင့် ဂုဏ်ပြုသီဆိုကာ အခမ်းအနားပြီးမြောက်ကြောင်း သိရသည်။
အခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဆရာ/ ဆရာမများက အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပြိုင်ပွဲဝင်ဆုရ ပန်းချီ၊ စာစီစာကုံးများ၊ ပညာရေးဌာနမှ ပညာရေးဆိုင်ရာလှုပ်ရှားမှု မှတ်တမ်းတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)