ရန်ကင်းမြို့နယ် အမှတ် (၂) အ​ခြေခံပညာ အထက်တန်းကျောင်းတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ

ရန်ကင်း နိုဝင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၁၀၂) နှစ်မြာက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က ဖတ်ကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ဖတ်ကြားခဲ့သည့်သဝဏ်လွှာ၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့၊ ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် လွန်စွာထူးခြားလေးနက်သော (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်ပြီး၊ ကိုလိုနီလက်အောက်ကျရောက်ခဲ့စဉ်က နယ်ချဲ့အင်္ဂလိပ်တို့၏ ကျွန်ပညာရေးစနစ်ကို မြန်မာတစ်မျိုးသားလုံး မျိုးချစ်စိတ်ဓာတ် အပြည့်အဝဖြင့် စည်းလုံးညီညွတ်စွာ ဆန့်ကျင်တော်လှန်ခဲ့သည့် အထိမ်းအမှတ် နေ့ထူးနေ့မြတ် ဖြစ်သည်တို့ပါဝင်သည်။

ဆက်လက်၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားတွင် ထက်၊ လယ်၊ မူ ကျောင်းများမှ မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲတွင် ဆုရကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်ကျော်၊ မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းရည်မွန်တို့မှ အသီးသီးဆုများ ချီးမြင့်ခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထက (၂) ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အိရွှေစင်(ပြန်/ဆက်)