ဗဟန်း နိုဝင်ဘာ ၁၈
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့၊ ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်နေ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွက် လွန်စွာထူးခြား လေးနက်သော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်သည်။
သို့ဖြစ်ပါ၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဓမ္မာစေတီလမ်း၊ ရွှေတောင်ကြား(၂)ရပ်ကွက်ရှိအ-ထ-က(၁)ဗဟန်း မိုးဦးခန်းမ၌ ယမန်နေ့ နံနက် (၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားကို အ-ထ-က(၁)ဗဟန်း ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် ဖွင့်လှစ်ခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့်သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ ဦးအောင်ကိုလတ်က ဖတ်ကြားသည်။
ဆက်လက်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား(၇၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။
စန္ဒာဌေး (ပြန်/ဆက်)