ပန်းမုန်လာပွင့်စိုက် တောင်သူများ အပင်များအောင်မြင်၍ ဈေးကောင်းရရှိရန် မျှော်လင့်

တပ်ကုန်း နိုဝင်ဘာ ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ကွင်းအမှတ် (၁၄၀၇)ကွင်း၊ မြေအောက်ရေများကို အသုံးပြုစိုက်ပျိုးသော ပန်းမုန်လာပွင့်စိုက် တောင်သူများ အပင်များ အောင်မြင်ဖြစ်ထွန်းကာ ပိုးမွှားကင်း၍ ပန်းပွင့်များလှပရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း ဒေသခံတောင်သူတစ်ဦးထံမှ သိရသည်။

 “ကျွန်မ စိုက်ပျိုးရေးလုပ်ငန်းများကို မိဘလက်ထက်ထဲက လုပ်ကိုင်ခြင်းဖြစ်ပါတယ်၊ ဒီနှစ် (ဒသမ ၈၀)ဧကစိုက်ကွက်ကို ဆောင်းသီးနှံအဖြစ် ပန်းမုန်လာပွင့်အပင်(၅၀၀၀)ပင် စိုက်ပျိုးထား ပါတယ်၊ ထယ်ရှဉ်း၊ မျိုးဖိုး၊ ဆေးဖိုး၊ အလုပ်သမားခ အပါအဝင် သွင်းအားစုပစ္စည်းတွေလည်း ဈေးတက်တော့ ကုန်ကျစရိတ်များပါတယ်၊ ယခင်နှစ်က (ဒသမ ၈၀)ဧက ပန်းမုန်လာပွင့်စိုက်ခင်း (၆၅)ရက်သားကို အခင်းပြတ်ဈေး သိန်း(၂၀)နဲ့ရောင်းချရပါတယ်၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းဖြင့် လပိုင်းအတွင်း ဝင်ငွေရရှိတဲ့အတွက် စိုက်ပျိုးသင့်ပါတယ်၊ အခုနှစ်မှာ အခင်းပြတ်ဈေးရရှိရန် မျှော်လင့်ပါတယ်” ဟု တောင်သူ ဒေါ်သန်းဌေး၏ ပြောပြချက်အရ သိရသည်။  

တပ်ကုန်းမြို့နယ်တွင် ဆောင်းသီးနှံအဖြစ် ပန်းမုန်လာပွင့်၊ ဂေါ်ဖီထုပ်၊ မုန်လာဥ၊ ခရမ်း ၊ အာလူး၊ ကြက်သွန်၊ ပြောင်းဖူး၊ မတ်ပဲ၊ ကုလားပဲနှင့် ပန်းအမျိုးမျိုးတို့ကို မိုးရေမြေအစိုဓာတ်များ၊ မြေအောက်ရေများ အသုံးပြုစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

တင်စိုးလွင်