ဆွမ်ပရာဘွမ်မြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံလက်သမားသင်တန်းနှင့် ပန်းရံသင်တန်း ဖွင့်လှစ်

ဆွမ်ပရာဘွမ် နိုဝင်ဘာ ၁၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူး၍ ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံလက်သမားသင်တန်းနှင့် ပန်းရံသင်တန်း အမှတ်စဥ် (၁/၂၀၂၂)ကို နိုဝင်ဘာ(၁၄)ရက်မှ (၂၈)ရက်နေ့အထိ သင်တန်းကာလ(၁၅)ရက် ကြာ ဆွမ်ပရာဘွမ်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းသို့ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုသုံးအုပ်စု ကျေးရွာပေါင်း (၃)ရွာမှ သင်တန်းသား (၁၅)ဦးတို့အား သင်တန်းနည်းပြဆရာတစ်ဦးက အခြေခံလက်သမား သင်တန်းတွင် ပရိဘောဂစားပွဲအမျိုးမျိုး၊ ကုလားထိုင် ထိုင်ခုံအမျိုးမျိုးနှင့် အခြေခံ ပန်းရံသင်တန်းတွင် ဘိလပ်မြေအသုံးပြုနည်း၊ အချိုးအဆဖျော်စပ်နည်း၊ တွက်ချက်နည်း အပိုင်းများတို့ကို ကျွမ်းကျင်စွာ ကိုင်သွယ်အသုံးပြုနိုင်ရန်စာတွေ့၊ လက်တွေ့သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

ထို့အပြင် သင်တန်းတွင် သင်တန်းသားများအား စာရေးကိရိယာများနှင့် သင်ထောက်ကူပစ္စည်း အချို့အား ထောက်ပံ့ပေးလျက်ရှိသည်။ ဆွမ်ပရာဘွမ်မြို့နယ် ကျေးလက်နေပြည်သူများ အခြေခံလက်သမားသင်တန်းနှင့် ပန်းရံသင်တန်းတက်ခြင်းအားဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ပြီး လက်သမားပန်းရံလုပ်ငန်း တစ်နိုင်တစ်ပိုင် လုပ်ကိုင်လာခြင်းဖြင့် မိသားစု၀င်ငွေ တိုးပွားလာမည့်အပြင် မိသားစု အသက်မွေးဝမ်းကျောင်းအတွက် များစွာ အထောက်အကူပြုလာမည်ဖြစ်ပါကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

April moe (ဆွမ်ပရာဘွမ်)