မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ် ၂ မှတစ်ဆင့် ဆီသယ်ဘောက်ဆာယာဉ်များ တောင်ကြီးသို့စေလွှတ်

တာချီလိတ်   စက်တင်ဘာ  ၂၁

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ၂ မှတစ်ဆင့် နေ့စဉ်ကုန်စည်များ သယ်ယူဖြတ်သန်းနေကြသော မော်တော်ယာဉ်စီးရေများကို စက်တင်ဘာ ၁၇ ရက်နေ့မှစ၍ ကန့်သတ် လျှော့ချခဲ့ရာ လုပ်ငန်းများလည်ပတ်မှုကို ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် တာဝန်ရှိသူများက ယမန်နေ့က သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ယင်းသို့သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် သတ်မှတ်ကန့်သတ်ထားသည့်အတိုင်း တာချီလိတ်မှ မော်တော်ယာဉ်ခြောက်စီး၊ ထိုင်းဖက်မှ ခြောက်စီး၊ စုစုပေါင်း ၁၂ စီးဖြင့် လုပ်ငန်းများ ပုံမှန် လည်ပတ် လျက်ရှိကြောင်း သိရသည်။

ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌမှ ပြောကြားရာတွင် ဖြတ်သန်းခွင့်ရ မြန်မာလိုင်စင်ဖြင့် ၆ စီး၊ ထိုင်းလိုင်စင် ၆ စီး စုစုပေါင်း ၁၂ စီးဖြင့် အခြေခံလိုအပ်သောကုန်စည်များကို ခေါက်တု့န် ခေါက်ပြန် သယ်ယူလျက်ရှိသည့်အတွက် ကုန်စည်များပြတ်လပ်မှုမရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စက်သုံးဆီရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ ဦးကြည်မြင့်မှ စက်သုံးဆီများ ပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှု မဖြစ်ပေါ်စေရန် ခရိုင်အုပ်ချုပ်ရေးမှူး၏ စီမံမှုဖြင့် ယနေ့နံနက် ဆီသယ်ဘောက်ဆာ ယာဉ် ၁၁ စီးကို တောင်ကြီးသို့ စေလွတ်လိုက်ပြီဖြစ်ကြောင်း၊ ထို့နောက် ကုန်သည်လုပ်ငန်းရှင် တစ်ဦးဖြစ်သော ဦးဇော်မြင့်မှ ဆက်လက်ပြောကြားခဲ့ရာတွင် အခြေခံစားသောက်ကုန်များသည် မိမိဒေသထွက်ဖြစ်သဖြင့် ပိုလျှံလျက်ပင်ရှိပြီး တောင်ကြီး၊ ကျိုင်းတုံဒေသများမှ နေ့စဉ်ဝင်ရောက်လျက်ရှိသဖြင့် စိုးရိမ်ရန်မရှိကြောင်း ပြောကြေားသွားခဲ့သည်။

ယခင်က မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် ၂ မှ ကုန်စည်များသယ်ယူပို့ဆောင်ရန် မော်တော်ယာဉ် ကြီး/ငယ် အစီးနှစ်ရာခန့် နေ့စဉ်ဖြတ်သန်းလျက်ရှိရာတွင် ကိုဗစ်-၁၉ ကူးစက်မှုကို ကြိုတင်တားဆီး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယခုကဲ့သို့ ကုန်တင်ယာဉ်များဖြတ်သန်းခြင်းကို ကန့်သတ်လျှော့ချ လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)