လားရှိုး စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီအချိန် က လားရှိုးမြို့နယ်အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးသောအခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်းမှ တတိယအကြိမ်ငွေသား ထောက်ပံ့ခြင်း အခမ်းအနားကျင်းပကြောင်း သိရသည်။
အဆိုပါထောက်ပံ့ပေးအပ်ခြင်းတွင် လားရှိုးမြို့နယ်အတွင်းရှိ မြို့ပေါ်(၁၂)ရပ်ကွက်လုံးနှင့် ကျေးရွာများဖြစ်သော စဉ့်အင်၊ ပုန်းထွန်၊ နောင်မွန်၊ ခါးသျှိ၊ နောင်ဖော့၊ ခေးနင်း၊ မယ်ဟန်၊ ဟိုပိတ်၊ ဆုံကွယ်၊ နမ့်ပေါင်၊ နမ္မဗေါဒ၊ မန်ပျဉ် ကျေးရွာများရှိ အိမ်ထောင်စု (၉၅၃၂)စုတို့အတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်း (၁၉၀၆၄၀၀၀၀)ကျပ်ကို လားရှိုးမြို့နယ်အဆင့် အခြေခံစားသောက်ကုန်ထောက်ပံ့ရေးကော်မတီ၊ လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာကာလင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်း တို့က ရပ်ကွက်ကျေးရွာများအလိုက် အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့အတူ နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော တတိယအကြိမ် အခြေခံစားသောက်ကုန်များအတွက် ငွေသားထောက်ပံ့ခြင်း၌ လားရှိုးခရိုင် အတွင်းရှိ လားရှိုးမြို့နယ်အပါအဝင် သိန္နီမြို့နယ်အိမ်ထောင်စု (၂၇၄၃)စုအတွက် ငွေကျပ်(၅၄၈၆၀၀၀၀)ကျပ်၊ တန့်ယန်းမြို့နယ် အိမ်ထောင်စု (၄၇၁၉)စုအတွက် ငွေကျပ်(၉၄၃၈၀၀၀၀)ကျပ်၊ မိုင်းရယ်မြို့နယ် အိမ်ထောင်စု(၂၀၆၂)စုအတွက် ငွေကျပ်(၄၁၂၄၀၀၀၀)ကျပ်၊ ကွမ်းလုံမြို့နယ် အိမ်ထောင်စု (၁၂၀၉)စုအတွက် ငွေကျပ် (၂၄၁၈၀၀၀၀)ကျပ်တို့အား သက်ဆိုင်ရာမြို့နယ်အဆင့် အခြေခံစားသောက်ကုန် ထောက်ပံ့ရေး ကော်မတီ တို့မှ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)