ကျောက်ဖြူ နိုဝင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်က ဖတ်ကြားသည်။ ဆက်လက်၍ အ-ထ-က(ခွဲ)မြို့မကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ စည်းလုံးခြင်းသည်အင်အား သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများနှင့် အထက်တန်း၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့်သီဆိုဖျော်ဖြေကြပြီ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ထွန်းဦး