ပြင်ဦးလွင်ခရိုင်တွင် ၂၀၂၂ ခုနှစ် (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ

ပြင်ဦးလွင် နိုဝင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တော်ခန်းမတွင် ယမန်နေ့နံနက် (၉) နာရီက ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အခမ်းအနားအား စည်ကားသိုက်မြိုက်စွာကျင်းပသည်။

အခမ်းအနားတွင် အ-ထ-က(၁) မှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံမှပေးပို့သော (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာအား ဖတ်ကြားသည်။

ထို့နောက် ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်သည်။

ထို့နောက် အခမ်းအနားတွင် ဇာတိမာန်သီချင်းသီဆိုသော အ-ထ-က(၁)မှ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်မြန်မာသီချင်းသီဆိုသော အ-ထ-က(၄)မှ ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်းနှင့် ဦးစိုင်းအောင်ကြည်တို့က ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် အခမ်းအနားသို့တက်ရောက်လာသူများက ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ သုတ/ရသ စာအုပ်စာစောင်များနှင့် ပြင်ဦးလွင်မြို့နယ် အခြေခံပညာဦးစီးဌာနက ခင်းကျင်းပြသထားသော ဆုရစာစီစာကုံးများအား လေ့လာကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ကျင်းပသော (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြင်ဦးလွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများ စုစုပေါင်း (၂၈၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး အခမ်းအနားအား နံနက်(၁၀)နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြသည်။

ဖြူလူသစ်