နောင်တရား စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ လက်တလောအဆင်ပြေစေရေးအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို စက်တင်ဘာလ ၁၉ ရက် ညနေပိုင်း က နောင်တရားမြို့အတွင်းရှိ အိမ်ထောင်စု(၂၀၉)စု သို့ ထောက်ပံ့ပေးအပ်သည်။
နောင်တရားမြို့ အမှတ်(၁)ရပ်ကွက်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၇၇) စုအတွက် နောင်တရားတိုက်နယ် ပြည်သူ့ဆေးရုံမှ ဒေါက်တာဝတ်ရည်ဖြိုးနှင့် အမှတ်(၁) အုပ်ချုပ်ရေးမှူးတို့မှလည်းကောင်း၊ အမှတ်(၂)ရပ်ကွက်၌ အိမ်ထောင်စု(၁၇)စု အတွက် နောင်တရားမြို့ စာတိုက်တာဝန်ခံ ဦးခွန်ထွန်းကြည်နှင့် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့မှ လည်းကောင်း၊ အမှတ်(၃)ရပ်ကွက်၌ အိမ်ထောင်စု(၁၁၅)စုအတွက် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မူမြစောနှင့် အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့မှလည်းကောင်း၊ စုစုပေါင်း အိမ်ထောင်စု (၂၀၉)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)