မြင်းခြံ နိုဝင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး မြင်းခြံဗဟိုအကျဉ်းထောင်အတွင်းရှိ အချုပ်သား၊ အချုပ်သူများအနက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် လွတ်မြောက်သွားသော အချုပ်သား(၁၁၆)ဦးအား လွှတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့မွန်းတည့်(၁၂)နာရီက မြင်းခြံဗဟိုအကျဉ်းထောင်တွင် ကျင်းပသည်။
အခမ်းအနားတွင် မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယရဲမှူးကြီး ဇေယျာကျော်တို့က ဩဝါဒစကားများနှင့် အမှုပိတ်သိမ်း၍လွှတ်ပေးရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက လွတ်မြောက်သွားသော အကျဉ်းသားများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်၊ လွတ်လူခရီးစရိတ်နှင့်စားစရိတ်များ ပေးအပ်ခဲ့ကြသည်။
အခမ်းအနားသို့ မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ ဒုတိယရဲမှူးကြီး ဇေယျာကျော်၊ မြင်းခြံအကျဉ်းထောင်မှ ဒုတိယညွှန်ကြားရေးမှူးဦးတင်ချိုနှင့် ပြစ်မှုဆိုင်ရာပိတ်သိမ်းခြင်းကြောင့် လွတ်မြောက်သွားသောအချုပ်သားများ တက်ရောက်ခဲ့ကြပြီး ပြစ်မှုဆိုင်ရာအမှုများအား ပိတ်သိမ်းပေးခြင်းကြောင့် လွတ်မြောက်သွားသော အချုပ်သား(၁၁၆) ဦးအား မြို့နယ်ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။
ကျော်စွာ(မြင်းခြံ)