ပင်လုံမြို့ ရပ်ကွက်(၁)၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၄၁၈)စုအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

ပင်လုံ  စက်တင်ဘာ  ၂၁

ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၁)၌ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများ၏ အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက်  ၉ နာရီခွဲအချိန် က ပင်လုံမြို့ ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပင်လုံမြို့ ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူး ဦးစိုင်းမူးလိန် က ထောက်ပံ့ငွေပေးရခြင်း၏ ရည်ရွယ်ချက်၊ ထောက်ပံ့ငွေပေးအပ်ရာတွင် အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက် ပေးပို့ရမည့် နည်းလမ်းများအား ရှင်းလင်းပြောကြားပြီး ရပ်ကွက်(၁)အတွင်းရှိ အိမ်ထောင်စုပေါင်း (၈၂၁)စု အနက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား (၄၁၈)စု အတွက် သက်ဆိုင်ရာ အခြေခံလူတန်းစား မိသားစုဝင်များထံသို့ တတိယအကြိမ် လက်ဝယ်အရောက်ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုဝင် (၂၀၀)စုအား တစ်အိမ်ထောင်စုလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် တတိယအကြိမ် ပေးအပ်နိုင်ခဲ့ပြီး ကျန်ရှိအိမ်ထောင်စုများအား နောက်နေ့များ၌ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် (၄၁၈)စုအတွက် စုစုပေါင်း ငွေကျပ် (၈၃၆၀၀၀၀) ရှစ်ဆယ့်သုံးသိန်း ခြောက်သောင်းကျပ်အား အခြေခံလူတန်းစားများ လက်ဝယ်အရောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများ က ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နန်းမြင့်မြင့်ဆွေ (ပင်လုံ၊ ပြန်/ဆက်)