မိတ္ထီလာအကျဉ်းထောင်မှ  လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား/အကျဉ်းသူ  (၈၉)ဦးအား လွှတ်ပေး

မိတ္ထီလာ နိုဝင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အကျဉ်းဦးစီးဌာနမှ  လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား အကျဉ်းသူ (၈၉)ဦးကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က နန်းတော်ကုန်းရပ်ကွက်ရှိ  အကျဉ်းထောင်မှ လွှတ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်ထွဋ်၊ မိတ္ထီလာအကျဉ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောဘောနီတို့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်-၇၀/၂၀၂၂အရ အကျဉ်းသား/အကျဉ်းသူများအား ကျင့်-၄၀၁(ခ)အရ ပြစ်ဒဏ်မှ  လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်မည့် အကျဉ်းသားအကျဉ်းသူများအား မိတ္ထီလာအကျဉ်းဦးစီးဌာနရုံးခန်းတွင် ဆုံးမသြဝါဒ စကားများ ပြောကြားခဲ့ပြီး အကျဉ်းသား/အကျဉ်းသူများအား လမ်းစရိတ်အဖြစ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် မိတ္ထီလာမြို့နယ်အကျဉ်းဦးစီးဌာနရှိ အကျဉ်းထောင်မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်-၇၀/၂၀၂၂အရ အကျဉ်းသား/အကျဉ်းသူများအား ကျင့်-၄၀၁(ခ)အရ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား (၇၆) ဦးနှင့် အကျဉ်းသူ (၁၃)ဦးတို့ကို လွှတ်ပေးခဲ့ကြောင်း သိရသည်။    

သိန်းမြင့်ကျော်(မိတ္ထီလာ)