တန့်ယန်း စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် မိုင်းပတ်ကျေးရွာတွင် မြို့နယ်အရန်မီးသတ်တပ်ရင်းက အလှူရှင်၊ စေတနာရှင်ပြည်သူများနှင့် ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် Mask၊ Face Shield နှင့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက် ၇ နာရီ က ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် Mask၊ Face Shield နှင့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခြင်းကို မြို့နယ်အရန်မီးသတ်တပ်ရင်းမှ တပ်ခွဲမှူး စိုးမိုးနိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များသည် မိုင်းပတ်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းလုံနှင့် မိုင်းပတ်ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့်ပူးပေါင်းကာ မိုင်းပတ်ကျေးရွာနှင့် စျေးတို့တွင် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး တေးသီချင်းများ ဖွင့်လှစ်ခြင်း၊ အသိပညာပေးခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ဆေးပေးခြင်း၊ နှာခေါင်းစည်း Mask (၁၅၀၀)ခု၊ မျက်နှာကာ Face Shield (၁၀၀)ခုနှင့် မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် ရိုက်နှိပ်ထားသော အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများ၊ စျေးသည်များနှင့် စျေးဝယ်လာသူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)