လ္ဘက်ရည်ဆိုင်နောင်ချို စက်တင်ဘာ ၂၁
ကျောက်မဲခရိုင်၊ နောင်ချိုမြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များအား သတ်မှတ် ထားသောစည်းကမ်းချက်များ လိုက်နာစေရေး ညှိနှိုင်းဆွေးနွေးခြင်းကို စက်တင်ဘာလ (၁၉)ရက်နေ့ နံနက် ၉:၃၀ နာရီအချိန် က နောင်ချိုမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်း က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နောက် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်မောင်မောင်နှင့် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးဝင်းဇော် တို့က "နောင်ချိုမြို့နယ်အနေဖြင့် စည်းကမ်းလိုက်နာသူများ ရှိသလို၊ မလိုက်နာကြသူများလည်းရှိကြောင်း၊ နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများပြား နေသောကြောင့် မိမိမှတစ်ဆင့် ရောဂါပိုး ကူးစက်သွားမည်ကို စိုးရိမ်ရပါကြောင်း၊ ပါဆယ်စနစ်ကိုအခြားမြို့များတွင် ပြုလုပ်နေပြီဖြစ်သည့်အတွက် နောင်ချိုမြို့နယ်အနေဖြင့်လည်း ဆောင်ရွက်စေလိုကြောင်း" မေတ္တာရပ်ခံ ဆွေးနွေးညှိနှိုင်းခဲ့သည်။
၎င်းနောက် တက်ရောက်လာသူများမှ ပါဆယ်စနစ်ရောင်းချမည့် ကိစ္စရပ်အပေါ် ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ဖြေကြားဆွေးနွေးခဲ့သည်။ နောင်ချိုမြို့ပေါ်ရှိ စားသောက်ဆိုင် များ၊ လ္ဘက်ရည်ဆိုင်များအား နံနက် ၉:၃၀ နာရီတွင် တစ်ကြိမ်၊ ၁၀:၀၀ နာရီတွင် တစ်ကြိမ်၊ ၁၁:၃၀ နာရီတွင် တစ်ကြိမ် အလှည့်ကျ ဖိတ်ကြားတွေ့ဆုံ၍ တစ်ကြိမ်လျှင် ဆိုင်၂၀ စီတက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထွေးငယ် (နောင်ချို၊ ပြန်/ဆက်)