ရမ်းဗြဲ နိုဝင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ယနေ့တွင်ကျရောက်သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်ဖတ်ပွဲ အခမ်းအနားကို နံနက် ၇ နာရီအချိန်က ရမ်းဗြဲမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရမ္မာဝတီခန်းမတွင် ကျင်းပကြသည်။
အခမ်းအနားကို ရှေ့ဦးစွာ ရမ်းဗြဲမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသားသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သဝဏ်လွှာအား ရမ်းဗြဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ဖတ်ကြားသည်။ ၎င်းနောက် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိခဲ့ကြသော အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်မှ ကျောင်းသား/ကျောင်းသူများအား ဆုများချီးမြှင့်ပေးကြသည်။ ယင်းနောက် အခမ်းအနားကို အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း( ပုလုပ်တောင် )မှ ကျောင်းသား/ ကျောင်းသူများက ဇာဓိမာန်သီချင်းဖြင့် သီဆိုရုတ်သိမ်းပေးခဲ့ကြသည်၊ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်
ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ဆရာ/ဆရာမများ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲများအဖြစ် အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပကြရာ ကျောင်းသား/ ကျောင်းသူများမှ ပါဝင်ယှဉ်ပြိုင်ကြသည်။ အဆိုပါ ပျော်ပွဲရွှင်ပွဲများကျင်းပရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့တို့မှ လာရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)