ဘူးသီးတောင် နိုဝင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာန၌ ယမနေ့ညနေပိုင်းက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးအောင်က (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အခြေခံပညာဦးစီးဌာန အမှတ် (၁) ကျောင်းအုပ်ဆရာကြီး ဦးကြည်ဝင်းက ၁၉၂၀ ခုနှစ်တွင် ပြဌာန်းခဲ့သော ရန်ကုန်တက္ကသိုလ်အက်ဥပဒေအရ မြန်မာနိုင်ငံတွင် ယုဒသန်ကောလိပ်နှင့် ရန်ကုန်ကောလိပ်ဟူ၍သာရှိပြီး ဗြိတိသျှအစိုးရက ကောလိပ်နှစ်ခုကိုပေါင်း၍ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ရေးဆွဲရာတွင် ချမ်းသာကြွယ်ဝသော မိသားစုဝင်များ၏ သားသမီးများသာသင်ယူစေခြင်း၊ တက္ကသိုလ်အက်ဥပဒေအရ ကျောင်းသားဦးရေကို ကန့်သတ်ထားခြင်း၊ ကျောင်းအိပ်ကျောင်းစားဖြစ်ရမည်ဟု သတ်မှတ်ခြင်းတို့ကြောင့် အင်္ဂလိပ်အစိုးရရေးဆွဲထားသော ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို မကျေနပ်သည့်အတွက် ကျောင်းသား/သူများက သပိတ်မှောက်ခဲ့ရာတစ်နိုင်ငံလုံးရှိ ပြည်သူများပါဝင်လာခဲ့ကြသည့်အတွက် စတင်သပိတ်မှောက်သောနေ့ကို ၁၉၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်၊ မြန်မာသက္ကရာဇ် ၁၂၈၂ ခုတန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း စသည်ဖြင့်အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။
အဆိုပါ အသိပညာပေး (Talk Show) အစီအစဉ်ရိုက်ကူးတင်ဆက်မှုအား ဘူးသီးတောင်မြို့နယ် Facebook Page နှင့် ဘူးသီးတောင်မြို့ ပြည်သူ့စာကြည့်တိုက် Page များတွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)