ဟိုပုံး နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် ၇ နာရီအချိန်က ၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဟိုပုံးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား ဖတ်ကြားရာတွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွက် လွန်စွာထူးခြားလေးနက်သော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်ပြီး အမျိုးသားအောင်ပွဲနေ့အခါသမယတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ကာယသုခ၊ စိတ္တသုခနှစ်ဖြာ ပြည့်စုံကြပါစေကြောင်း၊ အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ ဖိနှိပ်မှုအပေါ် အောင်ပွဲခံသောနေ့ဖြစ်၍ အမျိုးသားနေ့ ဟုခေါ်ဝေါ်ခဲ့ကြောင်း၊ နိုင်ငံတော်အနေဖြင့် သမိုင်းဖြစ်ရပ်များအပေါ် သင်ခန်းစာယူပြီး ဖွဲ့စည်းပုံအဖြခံဥပဒေ (၂၀၀၈ခုနှစ်)နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တို့အပေါ် အခြေခံ၍ ငြိမ်းချမ်းရေးလမ်းကြောင်းကို တည်ဆောက်လျက်ရှိကြောင်းနှင့် (၁၀၂)နှစ်မြောက် အမျိုးသားနေ့ ဦးတည်ချက်များပါဝင်သည့် သဝဏ်လွှာအား ဖတ်ကြားသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဟိုပုံးမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားတက်ရောက်သူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ (ပြန်/ဆက်)