ချီဖွေမြို့နယ်၌ (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပျော်ပွဲ ရွှင်ပွဲများ ကျင်းပ

ချီဖွေ     နိုဝင်ဘာ ၁၇

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကျရောက်သည့် (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၉)နာရီ က အခြေခံပညာအထက်တန်းကျောင်း (ချီဖွေ)တွင် ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးခိုင်စိုး၊ ခရိုင်ပညာရေးမှူးရုံးမှ ဦးမွန်ကျော်မြင့်၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးချစ်စမ်းအောင်၊ မြို့နယ်ပညာရေးမှူး ဦးကြည်နွယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးလင်းထူး၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွါဇာလေး ၊ မြို့နယ်ပညာရေးမှူးရုံးမှ ပညာရေးဝန်ထမ်းများနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာအခမ်းအနားကို ကျောင်းသား၊ကျောင်းသူများက "ပြည်မြန်မာ" တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်က ဖတ်ကြားခဲ့သည်။

ဆက်လက်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် အထက်တန်း၊အလယ်တန်း၊မူလတန်းအဆင့်တွင် ပထမဆု၊ဒုတိယဆု၊ တတိယဆုရရှိသည့်  ကျောင်းသား၊ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး၊ ခရိုင်ပညာရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက"ဇာတိမာန်"တေးသီချင်းဖြင့်သီဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

ယင်းနောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို ကျင်းပရာ မုန့်စားပြိုင်ပွဲ၊ ကြက်ခွပ်ပြိုင်ပွဲ ၊ရေသယ်ပြိုင်ပွဲ၊ ကြိုးခုန်ပြိုင်ပွဲ၊ ထုတ်စည်းတိုးပြိုင်ပွဲ ၊တန်းမြင့်ခုန်ပြိုင်ပွဲ နှင့် အိတ်စွပ်ပြေးပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်နေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတို့က လှည့်လည်ကြည်ရှု့အားပေးပြီး ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ များအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

 မေခမွန် (ပြန်/ဆက်)