ကွတ်ခိုင် စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDPs စခန်းများမှ တိုက်ပွဲရှောင်အိမ်ထောင်စု (၈၅၅) အိမ်ထောင်စုအတွက် စုစုပေါင်း ငွေကျပ်၃၄၂၀၀၀၀၀ကို စက်တင်ဘာလ (၁၉) နေ့ နံနက်ပိုင်းက ကွတ်ခိုင်မြို့၊ မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းညီလောင်းနှင့် တာဝန်ရှိသူများပေးအပ်ရာ IDPs စခန်းများမှ စခန်းတာဝန်ခံများက လက်ခံရယူသည်။
အဆိုပါ ပေးအပ်ထောက်ပံ့မှုသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု (CERP)အရ ပေးအပ်ထောက်ပံ့ခြင်းဖြစ်ကြောင်း ကွတ်ခိုင်မြို့နယ် ဒုတိယဦးစီးမှူး ဦးစိုင်းညီလောင်း က ပြောသည်။
“လက်ရှိ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်းမှာ နိုင်ငံတော်အစိုးရအနေနဲ့ တိုက်ပွဲရှောင်ပြည်သူတွေ အခြေခံစားသောက်ကုန်တွေ ဝယ်ယူနိုင်ဖို့ အတွက် တစ်အိမ်ထောင်စုကို ငွေကျပ် ၄၀၀၀၀ ဆီ ပေးအပ်ထောက်ပံ့တာ ဖြစ်ပါတယ်" ဟု ဦးစိုင်းညီလောင်း က ပြောသည်။
ကွတ်ခိုင်မြို့နယ်အတွင်း၌ IDPs တိုက်ပွဲရှောင် စခန်း(၁၂)ခုရှိပြီး တိုက်ပွဲရှောင်ပြည်သူ (၄၅၉၃)ဦး ရှိသည်။ အဆိုပါ တိုက်ပွဲရှောင်ပြည်သူများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ အခြေခံစားသောက်ကုန်များ ပေးအပ်ထောက်ပံ့ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အထောက်အကူပြုပစ္စည်းများ ပေးအပ်ထောက်ပံ့ခြင်းတို့ကို လစဉ်ပေးအပ်ထောက်ပံ့လျက်ရှိကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)