ပင်လောင်း နိုဝင်ဘာ ၁၇
ပွင်းလင်းရာသီရောက်ရှိတော့မည်ဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့မှ ပူးပေါင်း၍ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့မဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ကွင်းဆင်းစစ်ဆေးလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဝေလင်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဝင်းနိုင်ဦးနှင့် ဝန်ထမ်းများက မြို့မဈေး အတွင်းရှိ ကုန်စုံဆိုင်များ၊ အထည်ဆိုင်များ၊ စိုက်ပျိုးရေးဆေးဆိုင်နှင့် မြေဩဇာဆိုင်များအား အရေးပေါ် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးထားရှိရေးနှင့် ဈေးဆိုင်များမှ အသုံးပြုနေသည့် မီးသတ်ဆေးဘူးများ အရေးပေါ်သုံးစွဲနိုင်မှု သက်တမ်းရှိ/မရှိ စစ်ဆေးပေးခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများက လမ်းညွှန်မှာကြားသွားခဲ့ကြောင်း သိရသည်။
ခွန်အာကာစိုး