ညောင်ရွှေမြို့နယ်အတွင်း ဝက်များရောဂါဖြစ်ပွား သေဆုံးမှုများမရှိစေရေး သက်ဆိုင်ရာဌာနမှ ဆောင်ရွက်

ညောင်ရွှေ စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဝက်များ နာမကျန်းဖြစ်ခြင်း၊ အချို့သော ဝက်သေ ဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဝက်များသေဆုံးခဲ့ရခြင်းအကြောင်းအရင်းနှင့် သက်ဆိုင်ရာမှ ဆောင်ရွက်နေမှုများကို မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မင်းထွန်းက "ညောင်ရွှေမြို့နယ်အတွင်း ကျေးရွာ အချို့မှာ ဝက်များ နာမကျန်းဖြစ်ပြီး သေဆုံးသည်ဟု သိရှိခဲ့ရကြောင်း၊ မိမိဌာနမှ သတင်းရချိန်မှစပြီး အခင်း ဖြစ်ပွားရာ ကျေးရွာများသို့ ကွင်းဆင်းစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သေဆုံးသည့် ဝက်မတွေ့ရှိခဲ့ရသော် လည်း အချို့ဝက်များ နာမကျန်း ဖြစ်နေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ဝက်မွေးမြူသူများအနေဖြင့် ဒေသဓလေ့ အရ ဝက်များကို စနစ်တကျ ခြံခတ်မွေးမြူခြင်းမရှိဘဲ လွှတ်ကျောင်းမွေးမြူထားသည်ကို တွေ့ရှိရကြောင်း၊ ယခုကာလသည် ဝက်များတွင် ဖြစ်လေ့ရှိသည့် ဝက်ပုလိပ်ရောဂါ၊ ဝက်ဝမ်းကျရောဂါများ ဖြစ်ပွားတတ်သည့် ကာလဖြစ်သည့်အတွက် မိမိတို့ဌာနမှ ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် ကွင်းဆင်းအသိပညာပေး ခြင်း၊ ဇီဝလုံခြုံမှုအသိပညာပေးခြင်း၊ ဝက်မွေးမြူရေး လုပ်ငန်း ဆောင်ရွက်နေသူများမှလည်း ညွှန်ကြားချက် များကို လိုက်နာဆောင်ရွက်ပေးဖို့ လိုအပ်ပါကြောင်း” ပြောကြားသွားခဲ့သည်။

ဆက်လက်ပြီး ထိုသို့ဝက်များ ရောဂါဖြစ်ပွားရခြင်းမှာ “စနစ်တကျမွေးမြူမှုမရှိခြင်း၊ ကာကွယ်ဆေးပုံမှန် ထိုးနှံမှုမရှိခြင်း၊ တရားမဝင် နည်းလမ်းများဖြင့် ဝက်နှင့်ဝက်ထွက်ပစ္စည်များ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ မွေမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝက်မွေးမြူရေးနှင့် စပ်လျဉ်း၍ ညွှန်ကြားချက် အမှတ်(၁/၂၀၂၀)၊ (၂/၂၀၂၀)၊ (၃/၂၀၂၀)တို့ကို ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါ ကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့် သက်ဆိုင်ရာမှ တရားဝင်ခွင့်ပြုထားသည့် အရောင်းဆိုင်များမှ ဝယ်ယူစားသုံးခြင်းသည် အကောင်းဆုံး ဖြစ်ပါကြောင်း” ပြောကြားသွားသည်။

စိုင်းအယ်ဘဲ