ပင်လောင်းမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးပိုစတာစိုက်ထူ

ပင်လောင်း   စက်တင်ဘာ   ၂၀

ခရီးသွားပြည်သူများ  ယာဉ်အန္တရာယ်ကင်းရှင်းပြီး  လုံခြုံစိတ်ချ၍  အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး အတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးပိုစတာအား အမှတ်(၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲရုံး (ရှမ်း/တောင်) လက်အောက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ် (ပင်လောင်း)မှ ယမန်နေ့က ပင်လောင်းမြို့မဈေး အနောက်ဘက် မင်းလမ်းမကြီးဘေး၌ စိုက်ထူခဲ့သည်။

ပင်လောင်းမြို့နယ်အတွင်း ခရီးသွားပြည်သူများ လုံခြုံစိတ်ချ၍  အဆင်ပြေချောမွေ့စွာ ခရီး သွားလာနိုင်ရေးနှင့် ယာဉ်မတော်တဆဖြစ်ပွားမှုမှ လူ့စွမ်းအားအရင်းအမြစ်များဆုံးရှုံးမှုကို ကာကွယ်နိုင်ရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးပိုစတာဖြင့် စိုက်ထူအသိပေးခြင်း ဖြစ်သည်။

အသိပညာပေးပိုစတာတွင် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ယာဉ်တိုက်မှု၊ ဒဏ်ရာရရှိမှု၊ သေဆုံးမှုများနှင့် ဆုံးရှုံးမှုတန်ဖိုးအခြေအနေများ ထည့်သွင်း ဖော်ပြပေးထားခြင်းကြောင့် အများပြည်သူများအနေဖြင့် သိရှိပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း ကို လေးစားလိုက်နာခြင်းဖြင့် မိမိတို့၏ အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း (ပင်လောင်း)