ကျောက်မဲမြို့နယ်၊ ဗဟိုဈေးကြီးအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

ကျောက်မဲ  နိုဝင်ဘာ  ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊  ဗဟိုဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကင်းရှင်းရေး၊ အန္တရာယ်ကင်းသည့် စားသုံးကုန်များ ရောင်းချရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးတို့အတွက် ယမန်နေ့နံနက်ပိုင်း က  ဌာနဆိုင်ရာတာဝန်ရှိသူများက ဗဟိုဈေးကြီးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေနှင့် အဖွဲ့ဝင်များ၊  မီးသတ်ဦးစီးဌာနမှ ကျောက်မဲခရိုင် ဦးစီးမှူး ဦးမြင့်ဦးနှင့် ဝန်ထမ်းများ၊   စားသုံးသူရေးရာဉီးစီးဌာနမှ ကျောက်မဲခရိုင် ဦးစီးမှူး ဒေါ်ခင်မာရီနှင့် ဝန်ထမ်းများ၊ ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်ဦးနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများတို့သည် ဈေးကြီးအတွင်း၌ မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိသည့်  ရေလှောင်ကန်များ၊ ရေထွက်ငုတ်များ၊ ရေတင်စက်များ၊ မီးသတ်ဈေးဗူးများ ကောင်းမွန်စွာ ရှိ/မရှိ၊  ဈေးဆိုင်များတွင် ရောင်းချနေသည့်  ကုန်စည်များတွင် သတ်မှတ်ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖေါ်ပြမှု ရှိ/မရှိနှင့် တားမြစ်ထားသောကုန်စည်များ ရောင်းချမှု ရှိ/မရှိ ဆိုင်ရှင်များနှင့် ဈေးရောင်းချသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံမှု ရှိ/မရှိ အစရှိသည်များ ကွင်းဆင်း စစ်ဆေးခဲ့သည်။

ယင်းနောက် တာဝန်ရှိသူများသည် ဈေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးများ ထပ်မံထိုးနှံရန်၊  ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ရောင်းချရန်၊ သတ်မှတ်ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိသော ကုန်စည်များကိုသာရောင်းချရန် အစရှိသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)