ဘူးသီးတောင်မြို့နယ်တွင်၂၀၂၂ခုနှစ်မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ၊တစ်ဧကလျှင် တင်း ၁၀၀ ကျော်ထွက်ရှိ

ဘူးသီးတောင်  နိုဝင်ဘာ  ၁၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန် က ဘူးသီးတောင်မြို့နယ် နန်းရာကုန်းကျေးရွာအုပ်စု၌ ကျင်းပသည်။

အဆိုပါမိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မောင်တောခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးသာကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ညီနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်နှင်းထွေးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ ဖိတ်ကြားထားသည့် တောင်သူများတက်ရောက်ခဲ့ကြပြီး ရိတ်သိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ကြရာ တောင်သူဦးအေဆက်နုလ္လာ၏ ကွင်းအမှတ် (၃၂၆A) ဦးပိုင်အမှတ် (၁၄/)၌ စိုက်ပျိုးထားသော ဆင်းသုခစပါးမျိုး (၁၀၀)ဧကအား (.၁၀)ဧက ကိုယ်စားပြုစံကွက်ကို Combined Harvester (ရိတ်သိမ်းခြွေလှေ့စက်)ဖြင့် ရိတ်သိမ်းခဲ့ရာ တစ်ဧကအစိုအထွက်နှုန်း (၁၁၂.၉၈)တင်းနှင့် အခြောက်အထွက်နှုန်းမှာ (၁၀၃.၂၆)တင်း ထွက်ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၂- ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ဧကမှာ (၅၃၉၁)ဧကရှိပြီး စပါးအထွက်နှုန်းမှန်ကန်ရေးအတွက် နန်းရာကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၃၂၆A)၌ အကျိုးဆောင်တောင်သူ (၂၈)ဦးတို့၏ လယ်မြေတွင်တောင်သူပညာပေးအဖြစ် မိုးစပါးဧက တင်း (၁၀၀)အထက်ရရှိရေး သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်ဖြင့် တစ်ကွင်းတစ်စပ်တည်းစံပြကွက် (၁၀၀)ကို စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ညီထံမှ သိရသည်။

လှကျော်( ပြန်/ဆက်)