သထုံ နိုဝင်ဘာ ၁၇
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ၌ ဆုရရှိခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အထက(၁)သထုံကျောင်း နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက ကျောင်းသား/ကျောင်းသူများ ကျန်းမာကြံ့ခိုင်စွာဖြင့် ပညာသင်ယူနိုင်ရန် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို အခြေခံပညာအထက်တန်းကျောင်း အသီးသီး၌ ကျင်းပခဲ့ပါကြောင်း၊ ကိုယ်လက်လှုပ်ရှား အားကစားခြင်းဖြင့် ဉာဏ်ရည်ထက်မြက်ပြီး ကျောင်းပညာရေးကို ပျော်ပျော်ရွှင်ရွှင် သင်ယူလေ့လာနိုင်မည်ဖြစ်ပြီး အနာဂတ်ကာလအတွက် ထူးချွန်ထက်မြက်သည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာမည်ဟု မျှော်မှန်းပါကြောင်း အမှာစကားပြောကြားသည်။
ယင်းနောက် သထုံမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း များ၌ ကျင်းပပြုလုပ်ခဲ့သည့် အပြေးပြိုင်ပွဲ၊ ထုပ်စည်းထိုး၊ အိတ်စွပ်၊ အာလူးကောက်၊ အပ်ထိုးအစရှိသည့် အားကစားပြိုင်ပွဲများ၌ ဆုရရှိကြသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဒေါ်ခင်အေးမော်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများက ပြိုင်ပွဲအလိုက် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
နဒီ(ပြန်/ဆက်)