ကျိုင်းတုံမြို့၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

ကျိုင်းတုံ နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်  အားကစား ပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီက ခရိုင်အားကစားကွင်း၌ ကျင်းပသည်။

အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပြိုင်ပွဲများအဖြစ် မီတာ ၄၀၀၊ ၂၀၀၊ ၁၀၀၊ ၅၀ ပြိုင်ပွဲ၊ မီတာ ၁၀၀ လက်ဆင့်ကမ်းပြိုင်ပွဲ၊ မီတာ ၅၀ သံပုရာသီး(ဇွန်းကိုက်)ပြိုင်ပွဲ၊ မီတာ ၅၀ မုန့်စားပြိုင်ပွဲ၊ အလျားခုံ၊ သံလုံးပစ်၊ လှံတံပစ်၊ သံပုံးရိုက်နှင့် တာယာကွင်း ဘောလုံးကန်သွင်းခြင်းပြိုင်ပွဲများကို ကျိုင်းတုံမြို့နယ်အတွင်း အခြေခံပညာကျောင်း ပေါင်းစုံမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကစားကြရာ ခရိုင်/ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အခြေခံပညာဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)