မိုးနဲမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မိုးနဲ နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ် အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း ခန်းမတွင် ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေမာက အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းများ၊ မျိုးချစ် ကျောင်းသားခေါင်းဆောင်ကြီးများ၏ စိတ်အားထက်သန်စွာ ကြိုးစားခဲ့ကြပုံများ၊ အမျိုးသား အောင်ပွဲနေ့အား အစဉ်သတိရ၍ တန်ဖိုးထားမြတ်နိုးကြရန်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက မိမိတို့ ဌာနအနေဖြင့် ပြည်သူများအား အသိပညာဗဟုသုတများရရှိစေသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများ ကြွယ်ဝစေရန် ယခုဟောပြောပွဲအား ကျင်းပရခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားလပ်ချိန်များကို စာပေဖတ်ရှု၍ ဗဟုသုတ ရှာဖွေမှတ်သား ခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြုစေလိုကြောင်း၊ ခေတ်အဆက်ဆက်မှ မျိုးချစ် သူရဲကောင်များ၊ မျိုးချစ်ကျောင်းသားကြီးများမှ အသက်သွေးချွေးပေးဆပ်၍ ကျားကုတ် ကျားခဲရယူခဲ့သော အမိမြေ ၊အမိနန်း ၊အမိကြငှန်း ၊အမိစာပေ ၊အမိယဉ်ကျေးမှု စသည်တို့ကို မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည်မှာ လက်ရှိလူငယ်များပင် ဖြစ်ပါကြောင်းရှင်း လင်းပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးကျော် တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)